မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပေါင် ဩဂုတ် ၂၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်၊ မြို့သစ်(၂)လမ်းထိပ်  ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရာက်ကြသည်။ ရှေးဦးစွာ ပေါင်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးအဆောက်အဦအား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း လူမှုကရုဏာ လုပ်ငန်းတွေကို တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်များစုဝေးရာ ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးကြီး ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ တက္ကသိုလ်/ကောလိပ်ကြက်ခြေနီအသင်းခွဲ၊ ကျောင်းကြက်ခြေနီအသင်းခွဲ(ငယ်)များဖြင့် အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်လျက်ထားရှိကြောင်း၊ နိုင်ငံ့အကျိုးပြုလုပ်ငန်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများလုပ်ဆောင်ရာမှာ အမျိုးသားရေးဝိသေသထူးခြားချက်များနှင့် ဆီလျော်ညီညွတ်တဲ့ပြည်သူများရဲ့ ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လုပ်ဆောင်ရန်နှင့် လူသားချင်း စာနာထောက်ထား၍ လူမျိုးခွဲခြားမှုမရှိဘဲ လူမှုကရုဏာလုပ်ငန်းများအား ဆထက်တပိုးထမ်းဆောင်ပေးကြရန် မှာကြားလိုပါကြောင်း၊ ကြက်ခြေနီအသင်းအဖွဲ့အနေဖြင့် လူမှုကရုဏာလုပ်ငန်းများတွင် အရန်အင်အားတစ်ရပ်အနေဖြင့်လည်းကောင်း၊ အစွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပြီး တာဝန်ရှိသူများအနေဖြင့်ကလည်း ကြက်ခြေနီအသင်းရုံးကြီး ရေရှည်တည်တံ့မှုရှိစေရန်၊ ကြက်ခြေနီလုပ်ငန်းဆောင်တာများအား ပိုမိုတိုးတက်လုပ်ဆောင်နိုင်ရန်  ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်မှ ကြက်ခြေနီအသင်းခွဲရုံးတည်ဆောက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပေါင်မြို့နယ်ကြက်ခြေနီအသင်း တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဲဒီနောက် အမှတ်တရလက်ဆောင်များပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကြက်ခြေနီအသင်းခွဲရုံးအတွက် လှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကာ ဖွင့်ပွဲအခမ်းအနားတွင် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည့် ဘင်ခရာနှင့် ပန်းပွားအဖွဲ့ကျောင်းသူကျောင်းသားများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)