တာလေ ဩဂုတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် နယ်လှည့်ဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲများကို အခြေခံပညာကျောင်းများသို့ လစဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းကျောင်း (ကြာရှော)၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် စာအုပ်၊ စာပေများကို လေ့လာဖတ်ရှုကြစေလိုကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်နှင့်ရည်မှန်းချက်အကြောင်း၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယူဆောင်လာသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ/အသင်းများမှ ရေးသားထုတ်ဝေသည့် အသိပညာပေးရုပ်ပုံပြပုံပြင်၊ ကဗျာစာအုပ်များ၊ တေဇရုပ်စုံစာအုပ်များဖြင့် စာဖတ်ဝိုင်းကျင်းပပေးကာ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအကြောင်းအရာများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများနှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး အကြောင်းအရာများပါ နံရံကပ်စာစောင်များအား ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)