မောက်မယ် သြဂုတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ “ကျန်းမာပျော်ရွှင် ပညာသင်ဖို့ ပတ်ဝန်းကျင်ကောင်း ဖန်တီးစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/ကျောင်းသူများအား ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရေး အရှိန်အဟုန်မြှင့်တင်၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ယခုမိုးဦး ကာလတွင်ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းကိုက်ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေး၊ ပိုးလောက်လန်းမှအစ ခြင်ပေါက်ဖွားမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများတို့က ယနေ့နံနက် ၉ နာရီမှစ၍ အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများကို တစ်ကိုယ်ရည်သန့်ရှင်းရေး ယခုမိုးရာသီသွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ရမည့်လုပ်ငန်းများမှာကြားခြင်း၊ ခြင်အန္တရာယ်ကင်းဝေးစေရေးနှင့် ခြင်များမပေါက်ဖွားစေရန်အတွက် နေအိမ်နှင့် ကျောင်းဝန်းအတွင်း ပြုလုပ်ဆောင်ရွက်ရမည့်နည်းလမ်း များ၊ မိုးရာသီတွင်အဖြစ်များသော ဝမ်းကိုက်ဝမ်းလျှောရောဂါများမဖြစ်ပွားစေရန် စားသောက်နေထိုင်ရမည့်နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သို့လည်း ဆက်လက်ကွင်းဆင်း၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဆရာမထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)