အမ်းမြို့နယ် စခမ်းမော်ကျေးရွာ၌ စာကြည့်တိုက်ရှင်သန်ရေး အသိပညာပေးဟောပြောပွဲ နှင့်စာအုပ်စာစောင်လှူဒါန်းပွဲကျင်းပ

အမ်း ဩဂုတ် ၂၀

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းနှင့်ဝန်ထမ်းများကကျေးလက်နေပြည်သူများ စာပေကိုစိတ်ဝင်စားပြီး စာပေကိုချစ်မြတ်နိုးလာစေရန်နှင့် ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်က စခမ်းမော်အုပ်စု စခမ်းမော်ကျေးရွာ ပညာအလင်း စာကြည့်တိုက်၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်ကော်မတီများ၊ စာပေမြတ်နိုးသူများနှင့်တွေ့ဆုံကာ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးလုပ်ငန်းများ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းက စာကြည့်တိုက်များ သက်ဝင်လှုပ်ရှားရှင်သန်ခိုင်မာနိုင်ရေး၊ စာအုပ်စာစောင် တိုးပွားရေး၊ စာဖတ်သူတိုးပွားရေးနှင့် ကျေးရွာတိုင်းတွင်စာကြည့်တိုက်များ ပေါ်ထွန်းလာစေရေး၊ စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် ကျောင်းသား/ကျောင်းသူများ ကျောင်းပြင်ပချိန်တွင် စာကြည့်တိုက်ကို အားကိုးအားထားပြု အသုံးပြုလာစေရန် စည်းရုံးဆောင်ရွက်ရေးနှင့် စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရန် ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီများမှ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာ မြို့နယ်ဦးစီးမှူးဦးစန်းဝင်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဒို့ကျေးရွာဂျာနယ်(၃၀)စောင်အား လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)