အမ်းမြို့၌ စစ်ကြောင်း(၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

အမ်း   သြဂုတ်  ၁၉

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ စစ်ကြောင်း(၅)ကြောင်း ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စခမ်းမော်ကျေးရွာဓမ္မာရုံ၌ ယနေ့‌နံနက် (၁၀)နာရီအချိန်က ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် တောင်သူများအား စပါးအထွက်တိုးရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ စသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆွေးနွေးပြောကြားပြီး မိမိတို့ကျေးရွာအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ လိုအပ်ချက်များကို ဆွေးနွေးနိုင်ရန်ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားသည်။

၎င်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ကျေးလက်နေပြည်သူများအသိ ပညာဗဟုသုတရရှိရေးအတွက် ကျေးရွာစာကြည့်တိုက်များဖွင့်လှစ်နိုင်ရေး၊ ကလေး အလုပ်သမားများပပျောက်ရေး၊ လူကုန်ကူးခံရမှုများမရှိစေရေး၊ ကျေးရွာများတွင် MESE အသေးစား၊ အလတ်စား ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့ကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဦးနေဝင်းအောင်က ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် သောက်သုံးရန်မသင့်သော တိုင်းရင်းဆေးဝါးများ၏ အန္တရာယ်များအကြောင်းကိုလည်းကောင်း၊ စစ်ကြောင်း(၅)ကြောင်းတွင် ပါဝင်သည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ တင်ပြချက်အပေါ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဦးနေဝင်းအောင်နှင့် ဝန်ထမ်းများက ကျေးရွာသူကျေးရွာသား(၆၀)ဦးအား သွေးပေါင်ချိန်တိုင်းပေးခြင်း၊ လေထိုး/လေအောင့်၊ ဒူးနာ၊ ခါးနာ၊ သွေးအားနည်း၊ အိပ်မပျော်၊ ထုံကျဥ်၊ ကိုက်ခဲ၊ အဆစ်ရောင် စသည့် ရောဂါဝေဒနာခံစား နေရသူများအား သောက်ဆေး၊ လိမ်းဆေးနှင့် လိုအပ်သော ဆေးဝါးများကို (အခမဲ့)ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

စိုးမင်းထွန်း