မိုင်းကိုင် ဩဂုတ် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း သက်ရှည်ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ ပြိုင်ပွဲဝင် လူငယ်လူရွယ်အသင်း ၉ သင်း၊ ပြိုင်ပွဲဝင်အားကစားသမားပေါင်း ၄၅ ဦးဖြင့် စတင်ယှဉ်ပြိုင်ခဲ့ရာ ယနေ့မနက်ပိုင်းတွင် ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် "ဆိုက်ကားဂိတ် အမှတ်(၂)ရပ်ကွက် လူငယ်အသင်း"နှင့်"ဒီမွန် အမှတ်(၄)ရပ်ကွက်လူငယ်အသင်း" တို့ ယှဉ်ပြိုင်ကစားကြရာ ဆိုက်ကားဂိတ် အမှတ်(၂)ရပ်ကွက် လူငယ်အသင်းက သုံးပွဲတွင်နှစ်ပွဲနိုင်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများက အသက် (၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် နောက်ထိမ်းအကောင်းဆုံး အားကစားသမားဆု၊ ပင့်ထောင်အကောင်းဆုံးအားကစားသမားဆု၊ အရိုက်အကောင်းဆုံး အားကစားသမားဆုနှင့် ဒုတိယဆုရ အားကစားသမားများအား ငွေသားဆုနှင့်ဆုတံဆိပ်များကိုပေးအပ်ကြပြီး မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက ပထမဆုရ ဆိုက်ကားဂိတ် အမှတ်(၂)ရပ်ကွက် လူငယ်အသင်းအား ဆုဖလား၊ ဆုတံဆိပ်နှင့်ငွေသားဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)