ပုဏ္ဏားကျွန်း ဩဂုတ် ၂၂
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ မိုးစပါးဧက အထွက်နှုန်းကောင်းမွန်သည့် စိုက်ပျိုးရေးနည်းပညာ အသိပညာပေးပွဲနှင့် သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ဩဂုတ် ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ယိုးတရုပ်ရှေ့တန်းစခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က တောင်သူများအား ယူရီးယားတီးစူပါနှင့် ပိုတက်ချ် ပိုးသတ်ဆေးကို စနစ်တကျသုံးစွဲရန်နှင့်စူပါ ဘိုကာရှီမြေဩဇာပြုလုပ် သုံးစွဲခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများနှင့်မိုးစပါးဧက အထွက်နှုန်း တိုးတက်ကောင်းမွန်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ ယိုးတရုပ်၊ မြတ်လှဲနှင့် ဂဏန်းတောင်ကျေးရွာအုပ်စုများမှ တောင်သူ ၅၀ ဦးတက်ရောက်ခဲ့ကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ်နည်းအဆင့်ဆင့်တို့ကို စနစ်တကျ လက်တွေ့ သရုပ်ပြသခဲ့ရာ တောင်သူများကလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)