မောင်တော ဩဂုတ် ၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ရေဘေးအန္တရာယ် ကူညီကယ်ဆယ်နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နေ့ လယ် ၁ နာရီအချိန် ပန်းတောပြင်ချောင်းအတွင်း၌ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ရေဘေးကယ်ဆယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာများတွင် ရေကြီးလွှမ်းမိုးပါက ပြည်သူများအား ရေဘေးကင်းလွတ်သည့် နေရာသို့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက အသက်ကယ်လှေ၊ စက်လှေဖြင့် ကူညီရွှေ့ပြောင်းခြင်း၊ ကြိုးတန်းဖြင့် ချောင်းတစ်ဖက်သို့ ဖြတ်ကူးကူညီခြင်း၊ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ကူညီရေးအဖွဲ့မှ ယာယီခိုလှုံမည့်နေရာအား ပို့ဆောင်ခြင်း၊ လှေဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရာတွင် လှိုင်းရိုက်ခတ်မှုဖြင့် လှေနစ်မှောက်သူများအား ရှာဖွေကူညီကယ်ဆယ်ခြင်း၊ ကျွဲ၊ နွား တိရစ္ဆာန်များအား ရေဘေးကွင်းလွတ်ရာသို့ ပြောင်းရွှေ့ခြင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများ ပူးပေါင်းကာ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် (ခရိုင် ပြန်/ဆက်)