မိတ္ထီလာ ဩဂုတ်၂၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်သမဝါယမအသင်းစု၏ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် လစ်လပ်သွားသော အမှုဆောင်နေရာ အစားထိုးရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါအသင်းစု အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် သဘာပတိ ဦးကျော်ငြိမ်းက အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မိုးတင့်က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွေးနုနုလှိုင်က ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ် ဘဏ်ရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းများ၊ လုပ်ငန်းအစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်နှင့် အသင်းသားစာရင်းစစ်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို တာဝန်ရှိသူက ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ လုပ်ငန်းအစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးစာရင်းများ၊ ရှေ့လုပ်ငန်းစဉ်များ၊ အမြတ်ခွဲဝေစာရင်းများကို အရပ်ရပ်ဆိုင်ရာအစည်းအဝေးမှ မှတ်တမ်းတင်ခြင်းနှင့် ဆုံးဖြတ်ချက်များကို တက်ရောက်လာကြသည့် အသင်းဝင်ကိုယ်စားလှယ်များက အတည်ပြုကြောင်းချမှတ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစုတွင် လစ်လပ်သွားသော အမှုဆောင်(အချိန်ပိုင်း)တစ်ဦးနေရာအား အသင်းသားများ၏ ဆန္ဒအရ တိုင်းဒေသကြီး ဖွဲ့စည်းရေးဥက္ကဋ္ဌ ဦးကျော်မိုးတင့်က ရွေးချယ်အစားထိုးပေးခဲ့ကြောင်း သိရသည်။
ချမ်းသာ