သပိတ်ကျင်း သြဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ချောင်းဘေးရှိလူနေအိမ်တစ်လုံးမျောပါပျက်စီးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဥ်မှာ ချောင်းကြီးကျေးရွာတွင် ယနေ့နံနက် ၅ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ချောင်းကြီးကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ချောင်းရေမြင့်တက်လာမှုကြောင့် အမှတ်(၅)ရပ်ကွက်၊ ချောင်းဘေးရှိ ဦးစိုးဝင်း(၅၂) နှစ် တစ်ဦးတည်းနေထိုင်သော သွပ်မိုး၊ ထရံကာ၊ နှစ်ခန်းပတ်လည်နေအိမ်မှာ ချောင်းရေတွင်းမျောပါသွားခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းသိရသည်။
အဆိုပါဖြစ်ပွားရာနေရာသို့ သပိတ်ကျင်းတပ်နယ်မှ တာဝန်ရှိသူများ၊ ချောင်းကြီးရဲကင်းမှ ရဲအုပ် အောင်ကိုမင်းနှင့်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးဦးဖိုးဆန်းနှင့် ပူးပေါင်းအဖွဲ့တို့မှ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့ပြီး ဆန်နှင့် အဝတ်အထည်များ၊ ခြင်ထောင်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ ဆက်)