မအီ ဩဂုတ် ၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ အ.ထ.က(ခွဲ) ဂျီဖြူတောင်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပထမဆုံးအကြိမ်အဖြစ် မိဘဆရာတွေ့ဆုံပွဲအခမ်းအနား(Parent Teacher Conference)ကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံမှုသည့် အ.ထ.က(ခွဲ) ဂျီဖြူတောင်ကျောင်းနှင့် ကျောင်းသားမိဘများအတွက် ပထမဆုံးအကြိမ်ဖြစ်၍ ထိရောက်အကျိုးရှိသော တွေ့ဆုံမှုဖြစ်စေရန် ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက မိဘ၊ ဆရာတွေ့ဆုံပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ပြောကြားပြီးနောက် ကျောင်းသား/သူများ၏ သာသာရပ်ဆိုင်ရာ အားသာချက်၊ အားနည်းချက်များ၊ ဆရာ/ဆရာမများ၏ မျှော်မှန်းချက်များ၊ ကလေးများ၏ ပညာရေးနှင့် ပတ်သက်၍ မိဘများက ကူညီပံ့ပိုးပေးရမည့်ကိစ္စရပ်များ၊ ကလေးများ၏ လူမှုဆက်ဆံရေးအခြေအနေများ၊ ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် မိဘများက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ မိဘ၊ ဆရာတွေ့ဆုံပွဲကို ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အခါအားလျော်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး မိဘအုပ်ထိန်းသူများကိုယ်တိုင် တက်ရောက်နိုင်ပါက ပိုမိုထိရောက်မှုရှိနိုင်မည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက ပြောသည်။
မောင်မောင်ဌေး(ပြန်/ဆက်)