စဉ့်ကိုင် သြဂုတ် -၂၁
မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျောင်းသား/ကျောင်းသူများ စာအုပ်၊ စာပေများဖတ်ရှု လေ့လာခြင်းအားဖြင့် အသိပညာဗဟုသုတများကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရင့်သန်လာစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက်အလွယ်တကူဖတ်ရှု လေ့လာနိုင်စေရန်၊ စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲ(၁)နာရီ၌ ဟင်းငူအခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတ ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားလာ စေရန်၊ အချိန်ရှိစဉ်ကာလတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာဖြင့်ဘဝကိုတည်ဆောက်ကြရန်၊ အချိန်အားလျှင် စာအုပ်စာပေများကို ဖတ်ရှုခြင်းဖြင့်အသိပညာ ဗဟုသုတများကို ရှာဖွေစေလိုကြောင်း ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေမြင့်က ကျောင်းသား/ကျောင်းသူများအား စာအုပ် စာစောင်များကိုဖတ်ရှုခြင်းဖြင့် အတွေးအခေါ်များရင့်သန်လာစေခြင်း၊ သင်ကြားထားတဲ့အတန်းပညာများနှင့် စာပေကရတဲ့ အသိပညာဗဟုသုတတွေနဲ့ ပေါင်းစပ်ပြီးတော့ အသိဉာဏ်များတိုးပွားစေရန်၊ အမှားအမှန်ကို ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်ခြင်း အစရှိသည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်းသိရသည်။
ကျော့မူယာမောင်