မောင်တောမြို့၌ လူငယ်နှင့်ဗဟုသုတအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကျင်းပ

မောင်တော    ဩဂုတ်  ၂၁

မောင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ လူငယ်နှင့် ဗဟုသုတအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့ညနေပိုင်းက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က အသိပညာပေးဟောပြောရာတွင်  လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်စေရေး၊ စဉ်းစားတွေးခေါ်မှုမြင့်မားစေရေး၊  ပါဝင်ဆွေးနွေးတတ်စေရေး၊ နိုင်ငံ့ခေါင်းဆောင် လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရေး စသည်ဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊  ပြည်ထောင်စုသမ္မတနိုင်ငံတော် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဦးတည်ချက်ပါအကြောင်းအရာများ၊ မုန်တိုင်းဘေးခံစားခဲ့ရသော ကျေးရွာများတွင် နိုင်ငံတော်မှ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုမှတ်တမ်း ဓာတ်ပုံများ၊ နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသော ဆောင်းပါးများ၊ အသိပညာဗဟုသုတ ရရှိနိုင်မည့် စာစောင်များ၊ ဌာနစာကြည့်တိုက်ရှိ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး)နှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ၊အောင်ကျော်စိန်ခရိုင်(ပြန်/ဆက်)