စစ်တွေ ဩဂုတ် ၂၁
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံ၌ကျင်းပသော သန်းခေါင်စာရင်းယူနစ်များ(Census Unit) ဖွဲ့စည်းခြင်းလုပ်ငန်း သင်တန်းဖွင့်ပွဲသို့တက်ရောက်ပြီး ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံသည်။
ဦးစွာ သင်တန်းဖွင့်ပွဲ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းပြုစုခြင်းလုပ်ငန်းနှင့် စာရင်းထုတ်ပြန်ခြင်းလုပ်ငန်းဟူ၍ လုပ်ငန်းစဉ်လေးရပ်ဖြင့် ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ယခုသင်တန်းဖွင့်လှစ်ပြီး မြို့နယ်များသို့ကွင်းဆင်းကာ ပြည်သူ့အင်အားဦးစီးဌာနမှဝန်ထမ်းများ၊ ဒေသခံလဝကဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းပြီး လုပ်ငန်းစဉ်အောင်မြင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ် ဦးစီးမှူးများအားလုံး စိတ်ဝင်တစားတက်ရောက်ကြရန်နှင့် လုပ်ငန်းစဉ်များအောင်မြင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်။
ထို့နောက်သင်တန်းနည်းပြ၊ ပြည်သူ့အင်အားဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လင်းလင်းမာက သန်းခေါင်စာရင်းလုပ်ငန်းစီမံချက်အား ရှင်းလင်းတင်ပြသည်။ အဆိုပါ သင်တန်းသို့ ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင် (၇) ခုမှ သင်တန်းသား၊ သင်တန်းသူ (၄၀) ဦးတက်ရောက်ကြပြီး ပြည်သူ့အင်အားဦးစီးဌာန(ရုံးချုပ်)မှ သင်တန်းနည်းပြများက တစ်ရက်ကြာ ပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲသို့တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုတွေ့ဆုံပွဲသည် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် တည်ဆောက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ စိစစ်ကြပ်မတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦများ ဆောက်လုပ်ခြင်းသည် အရေးပါသည့်လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ အရေးပါသည့် တည်ဆောက်ရေးလုပ်ငန်းများ အရေအသွေးပြည့်မီစေရေးအတွက်စစ်ဆေး၊ ကြပ်မတ်ဆောင်ရွက်နိုင်ရန် တည်ဆောက် ရေးလုပ်ငန်းများကို လုပ်ငန်းအမျိုးအစားအလိုက် ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသော စံချိန်စံညွှန်များနှင့်အညီဖြစ်စေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာတည်ဆောက်ရေးကုမ္ပဏီများမှ တင်ဒါတင်သွင်းသည့်အချိန်တွင် တင်ပြထားသော ခန့်မှန်းခြေစာရင်း (Estimate)ပါ လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးကောင်းမွန် စေရေးနှင့် အတိုင်းအတာ၊ အရွယ်အစားမှန်ကန်စေရေး၊ ဒီဇိုင်းများအတိုင်း စံချိန်စံညွှန်းမီစွာ စစ်ဆေးဆောင်ရွက် ပေးစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်က လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ ထို့နောက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းအတွေ့အကြုံများနှင့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)