ဘူးသီးတောင် သြဂုတ် ၂၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်နှင့် ရခိုင်ပြည်နယ် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပဲနို့တိုက်ကျွေးခြင်းအခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(မေယုရတနာခန်းမ)၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း ပြန်ကြားရေးမှူးဦးနေမင်းထွန်းက ပဲနို့တိုက်ကျွေးရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား/သူများအား ပဲနို့များ တိုက်ကျွေးကြသည်။
အလားတူ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ သုဓမ္မာရုံဘကကျောင်း၊ အ.လ.က(ခွဲ) သပြေကုန်းကျောင်းတို့ရှိ ကျောင်းသား၊ကျောင်းသူ(၂၀၀၀)ဦးတို့အား ပဲနို့တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
လှကျော်(ပြန်/ဆက်)