စစ်တွေခရိုင်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ရသေ့တောင်မြို့နယ်က ပြိုင်ပွဲဝင် ( ၁၁ ) ဦးဝင်ရောက်ယှဉ်ပြိုင်မည်

ရသေ့တောင်    ဩဂုတ်   ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ကို စက်တင်ဘာလ ပထမပတ်အတွင်း ကျင်းပသွားမည်ဖြစ်ရာ ရသေ့တောင်မြို့နယ်အတွင်းက ပြိုင်ပွဲဝင် (၁၁) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရှိရသည်။

ပြိုင်ပွဲဝင်သူများကို ဝါသနာရှင် (ပထမတန်း) အဆင့်၊  ဝါသနာရှင် (ဒုတိယတန်း) အဆင့်၊ အဆင့်မြင့် ပညာအဆင့်၊ အခြေခံပညာ (အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း) အဆင့်၊ အခြေခံပညာ (အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်း) အဆင့် စသည့်ဖြင့်အဆင့်ငါးဆင့် သတ်မှတ်ထားကြောင်း သိရှိရသည်။

ရသေ့တောင်မြို့နယ်အနေဖြင့် ဝါသနာရှင် (ပထမတန်း) အဆင့်တွင် မဟာဂီတ၊ ခေတ်ဟောင်းတေး / ကာလပေါ်ဘာသာရပ်ဖြင့် ကျား (၁) ဦး၊ ဝါသနာရှင် (ဒုတိယတန်း) အဆင့်တွင် ခေတ်ဟောင်းတေး/ ကာလပေါ်နှင့် အမျိုးဂုဏ်ဇာတိဂုဏ်၊ အက၊ အတီး ဘာသာရပ်ဖြင့် ကျား(၅) ဦး၊ အဆင့်မြင့်ပညာအဆင့်တွင် ခေတ်ဟောင်းတေး/ ကာလပေါ်နှင့် အမျိုးဂုဏ်ဇာတိဂုဏ်ဘာသာရပ်ဖြင့် ကျား (၁) ဦး၊ မ (၁) ဦး၊ အခြေခံ ပညာ (အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း) အဆင့်တွင် ခေတ်ဟောင်းတေး/ ကာလပေါ် ဘာသာရပ်ဖြင့် ကျား (၁) ဦး၊ အခြေခံပညာ (အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်း) အဆင့်တွင် ခေတ်ဟောင်းတေး/ ကာလပေါ်၊ အက ဘာသာရပ်ဖြင့် မ (၂) ဦး စုစုပေါင်း (၁၁)  ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပြိုင်ပွဲဝင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်၏ ကြီးကြပ်မှုဖြင့် ရသေ့တောင်မြို့၌ စုစည်းပြီး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများ လုပ်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)