အမ်း ဩဂုတ် ၁၃
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှတို့မှတာဝန်ရှိသူများသည် ယမန်နေ့နံနက် ၉ နာရီအချိန်တွင် အမှတ်(၃) စျေးရပ်ကွက် ဇာဒီမော်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ဒေသခံပြည်သူများတွေ့ဆုံ၍ ကျေးလက်နေ ပြည်သူများအား အသိပညာဗဟု သုတရရှိရေး အတွက် အသိပညာပေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် (အခမဲ့) ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးမှ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ကျေးရွာမှ ပူးပေါင်းဆောင်ရွက်ပေးရမည့်အချက်များကို လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတရရှိရေးအတွက် စာကြည့်တိုက်များ၊ စာဖတ်ခန်းများ ဖွင့်လှစ်နိုင်ရေး၊ ကလေးအလုပ်သမားများပပျောက်ရေး၊ လူကုန်ကူးခံရမှုများမရှိစေရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတို့ကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးနေဝင်းအောင်က ကျန်းမာရေးဆိုင်ရာကိစ္စရပ်များဖြစ်သည့် သောက်သုံးရန်မသင့်သော ဆေးဝါးများအန္တရာယ် အကြောင်းအရာများကိုလည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့ကြသည်။
၎င်းနောက် အမှတ်(၃)စျေးရပ်ကွက် ဇာဒီမော်ကျေးရွာ ကွက်သစ်နှင့်ကျေးရွာအတွင်းမှ ဒေသခံပြည်သူများနှင့် ပတ်ဝန်းကျင်ကျေးရွာမှ ကျေးလက်နေပြည်သူ(၆၀)ဦးခန့်အား တိုင်းရင်းဆေးဝါး (၂၂)မျိုးဖြင့် ဆေးကုသပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတိုး၊ ဆီးချိုရှိသူများနှင့် အခြားထုံနာ၊ ကျဥ်နာ၊ အဖျားရောဂါအမျိုးမျိုးရှိသူများအား လိမ်းဆေး၊ သောက်ဆေးနှင့် လိုအပ်သော ဆေးဝါးများကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးနှင့် တာဝန်ရှိသူများသည် ကျေးရွာအတွင်း ရေဝပ်ဧရိယာများမဖြစ်ပေါ်စေရေးအတွက် လိုအပ်လျက်သော ရေနုတ်ပြွန်များ တည်ဆောက်ရန် လိုအပ်မည့်နေရာကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)