အမ်း ဩဂုတ် ၁၅
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်းတို့ ပူးပေါင်း၍ သင်တန်းသားအမျိုးသမီးငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဝိုင်းဖွဲ့ဦးဆောင် ဆွေးနွေးတတ်သည့်အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန်၊ အကောင်းအဆိုးအမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲဆိုရဲသည့်သတ္တိ ရှိလာစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်စိုးစိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးစန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များ၊ စာဖတ်သူ လူငယ်များနှင့် စာမဖတ်သူ လူငယ်များ၏ အားနည်းချက် အားသာချက်များကို စာပေဆိုင်ရာအကြောင်း သိကောင်းစရာခေါင်စဥ်ဖြင့် အသိပညာပေး ဆွေးနွေးခဲ့သည်။
၎င်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်မှုအပ်ချုပ်သင်တန်းအမှတ်စဥ် (၆)မှ သင်တန်းသူ မမေလှိုင်ဖြိုးက “ပညာဟူသည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိဇင်မိုးက “ပညာဗဟု သုတနိမ့်ကျတာကြောင့်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မဆန်းထက်စုက “စာရဲ့အရသာ” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မအိဖြူစိုးက “အပင်ကိုပျိုးတာလား အညွန့်ကိုချိုးတာလား” ခေါင်းစဥ် ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ သိရှိလိုသည့် မေးမြန်းမှုများအပေါ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ခင်းကျင်းပြသထားရာ တက်ရောက်လာသူ များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)