အမ်း ဩဂုတ် ၁၂
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်က ဇာဒီမော်ကျေးရွာ အခြေခံပညာမှုလတန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေးက ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၃၂)ဦးခန့်အား ကျောင်းကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းစဉ်များတွင် ဆောင်ရွက်မည့် လုပ်ငန်းအဆင့်ဆင့်ကို ဆွေးနွေးပြောကြားပြီး မိုးတွင်းကာလတွင် အဖြစ်များသည့် ရာသီတုပ်ကွေးရောဂါကာကွယ်နိုင်ရန် တစ်ကိုယ်ရည်သန့်ရှင်းရေး အရေးကြီးပုံ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး လက်ဆေးနည်းလမ်းများ၊ သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာ အသိပညာများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက အာဟာရဒါန စားသောက်ဖွယ်ရာအဖြစ် အာဟာရရှိသော အစားအစာများကို ကျွေးမွေးလှူဒါန်းခဲ့ပြီး သန်ချဆေးများ တိုက်ကျွေးခြင်းကို ဆောင်ရွက်ကြောင်း သိရှိရသည်။
စိုးမင်းထွန်း