လှိုင်သာယာ(အရှေ့ပိုင်း) ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့၀င်တို့ပူးပေါင်း၍ အလုပ်သမားရေးရာဥပဒေများ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၉ ရက်နေ့နံနက်(၁၀)နာရီ၌ ရွှေလင်ပန်းစက်မှုဇုန် ကနောင်ခန်းမတွင် စတင်ကျင်းပလျက်ရှိသည်။
ရှေးဦးစွာ ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အလုပ်ရှင်၊ အလုပ်သမားအနေဖြင့် တည်ဆဲအလုပ်သမားဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည့် အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များသိရှိနိုင်ရန်၊ အလုပ်ရှင်အလုပ်သမားများ လိုက်နာဆောင်ရွက်ရမည့်အချက်များသိရှိခြင်းဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာနိုင်မည်ဖြစ်ကြောင်း၊ အလုပ်သမားများအနေဖြင့် မိမိတို့လိုအပ်ချက်များရှိလာပါက လုပ်ငန်းလုပ်ကိုင်မှုမပျက်ဘဲလုပ်ငန်းခွင်အတွင်း ဖွဲ့စည်းထားသောညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့၀င်များနှင့် ဆွေးနွေးညှိနိုင်ရန်လိုအပ်ကြောင်း၊ အလုပ်ရှင်အလုပ်သမားများအနေဖြင့် နှစ်ဦးနှစ်ဖက်အပြန်အလှန်လေးစားရန် လိုအပ်ကြောင်းကို ညွှန်ကြားရေးမှူးချုပ်ဦးအောင်ဌေးဝင်းက ရှင်းလင်းဆွေးနွေး အမှာစကားပြောကြားသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲအခမ်းအနားသို့ ရွှေလင်ပန်းစက်မှူဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ အလုပ်သမား၀န်ကြီးဌာနလက်အောက်ရှိတာ၀န်ခံအရာရှိများ၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တာ၀န်ခံအရာရှိများ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ရွှေလင်ပန်း စက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများမှ အလုပ်ရှင်အလုပ်သမားကိုယ်စားလှယ်များစုစုပေါင်း(၁၄၀)ဦးတက်ရောက်လျက်ရှိပြီး အလုပ်သမားရေးရာဥပဒေအသိပညာပေးဆွေးနွေးပွဲကို နေ့လယ်ပိုင်း ၁ နာရီတွင်ပြီးစီးကြောင်း သိရသည်။
ခင်၀င်းမူ(ပြန် /ဆက်)