အမ်း သြဂုတ် ၂၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ စစ်ကြောင်း(၅)ကြောင်း ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စခမ်း မော်ကျေးရွာ ဓမ္မာရုံ၌ ယနေ့ နံနက် (၁၀) နာရီ အချိန်က ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် တောင်သူများအား စပါးအထွက်တိုးရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးပြောကြားပြီး မိမိတို့ ကျေးရွာအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ လိုအပ်ချက်များကို ဆွေးနွေးနိုင်ရန်ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ကျေးလက်နေ ပြည်သူများအသိ ပညာဗဟုသုတ ရရှိရေး အတွက် ကျေးရွာစာကြည့်တိုက်များဖွင့်လှစ်နိုင်ရေး၊ ကလေးအလုပ်သမားများ ပပျောက်ရေး၊ လူကုန်ကူးခံရမှုများ မရှိစေရေး၊ ကျေးရွာများတွင် MESE အသေး စား အလတ်စား ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့အား အသိပညာပေး ဆွေးနွေး ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဦးနေဝင်းအောင်က ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သောက်သုံး ရန် မသင့်သော တိုင်ရင်းဆေးဝါးများအန္တရာယ်အကြောင်း အရာများကို ဆွေးနွေးပြောကြားခဲ့ပြီး စစ်ကြောင်း(၅)ကြောင်းတွင် ပါဝင်သည့် ပူးပေါင်း အဖွဲ့သည် မိမိ တို့ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဥ်များကို ရှင်းလင်းဆွေးနွေးပြောကြားကြရာ ကျေးရွာသူ ကျေးရွာသားများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ တင်ပြချက်အပေါ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးနှင့် အဖွဲ့ဝင်များက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဦးနေဝင်းအောင်နှင့် ဝန်ထမ်များက ကျေးရွာသူကျေးရွာသား(၆၀)ဦးအား သွေးပေါင် ချိန်တိုင်းပေးခြင်း၊ လေထိုး/လေအောင့်၊ ဒူးနာ၊ ခါးနာ၊ သွေးအားနည်း၊ အိပ်မပျော်၊ ထုံကျဥ်၊ ကိုက်ခဲ၊ အဆစ်ရောင်စသည့် ရောဂါ ဝေဒနာ ခံစားနေရသူများအား သောက်ဆေး၊ လိမ်းဆေးနှင့် လိုအပ်သော ဆေးဝါးများကို (အခမဲ့) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း(ပြန်/ဆက်)