ဘီးလင်း​မြို့ အ.ထ.က(ခွဲ)လိပ်ခုံးကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ်

ဘီးလင်း ဩဂုတ် ၂၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့၊ မွန်းလွဲ ၁ နာရီအချိန်က ဘီးလင်းမြို့၊ အ.ထ.က(ခွဲ)လိပ်ခုံးကျောင်း၊ ပတ္တမြားခန်းမ၌ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမိက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ဘီးလင်းမြို့နယ် ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးမျိုးမျိုးစံက လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ထူးချွန်လူငယ်များပေါ်ထွန်းလာစေရေးကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းရွှေနှင့်အတူ အ.ထ.က(ခွဲ)လိပ်ခုံးကျောင်းမှ Grade-11 ကျောင်းသား‌၊ ကျောင်းသူသုံးဦးနှင့် Grade-10 ကျောင်းသူနှစ်ဦးတို့က “လူငယ်နှင့်ခေါင်းဆောင်မှု” ၊ “လူငယ်နှင့်အထက်တန်းစား စိတ်ဓါတ်”၊ “လူငယ်နှင့်ပရဟိတစိတ်ဓာတ်”၊ “လူငယ်နှင့်ရည်မှန်းချက်”၊“ လူငယ်နှင့်မူးယစ်ဆေး”  ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုမှတ်သားလေ့လာထားသည်များကို ကျယ်ကျယ်ပြန့်ပြန့် ‌မျှဝေဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူတို့က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ အ.ထ.က(ခွဲ)လိပ်ခုံးကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား‌၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)