တောင်ကြီး သြဂုတ် ၂၁
ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ရုရှားဘာသာစကားနှင့်ဆက်ဆံရေး ဟိုတယ်တိုးတက်ကောင်းမွန်စေရေး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(မွမ်းမံ)သင်တန်းဆင်းပွဲကို သြဂုတ်(၁၈)ရက် ညနေ(၄)နာရီက တောင်ကြီးမြို့၊ Royal Taunggyi Hotel ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်အတွင်း ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကားသင်တန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၃)ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယခုအခါ ကျိုင်းတုံမြို့တွင် သင်တန်းသား သင်တန်းသူ (၃၃)ဦးဖြင့် ရုရှားဘာသာစကားနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေး တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေကော်မတီ၏ နည်းပြပံ့ပိုးမှုနှင့် စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း၊ လားရှိုးမြို့၊ညောင်ရွှေမြို့၊ အင်းလေးဒေသရှိ ဟိုတယ်ဝန်ထမ်းများကိုလည်း သင်ကြားပို့ချပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုတက်ရောက်ပြီးသွားသော သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချလိုက်သော ဘာသာရပ်များကို အမြဲလေ့ကျင့်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက သင်တန်းဖြစ်မြောက်ရေး ဝိုင်းဝန်းပံ့ပိုးပေးခြင်းအတွက် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ(ဟိုပုံး)သို့ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရဂုဏ်ပြုတံဆိပ်ပေးအပ်ရာ ဒုတိယဗိုလ်မှူးကြီးဇော်ထက်မှ လက်ခံရယူပြီး ရုရှားဘာသာစကားနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးချုပ်သိန်းနိုင်က သင်တန်းသားကိုယ်စားလှယ်တစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများမှ ရုရှားဘာသာသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး သင်တန်းသူ တစ်ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြား၍ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)