သံတွဲမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကျေးရွာနေပြည်သူများထံသို့ ကွင်းဆင်းအသိပညာပေးခြင်းများ ဆောင်ရွက်

သံတွဲ ဩဂုတ် ၂၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ကျန်းမာရေး၊ ပညာရေး စသည့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကျေးရွာနေပြည်သူများထံသို့ ကွင်းဆင်းအသိပညာပေးခြင်းကို ဩဂုတ်လ ၁၈ရက်နေ့  နေ့လယ် (၁၁:၃၀) နာရီက သံတွဲမြို့၊ ရွှေလှေခေတ်မီစံပြကျေးရွာ၊ သဒ္ဓမ္မဇောတိပါလဘုန်းတော်ကြီးကျောင်း၌ ကျေးရွာနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်က နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါ အချက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ဝိုင်းဝန်းကူညီ ပူးပေါင်းပါဝင်ဆောင်ရွက်စေရေးတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဌာနဆိုင်ရာအသီးသီးက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများပိုမိုအောင်မြင်လာစေရေး၊ နိုင်ငံသား စိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေ စာရင်းများ ပြုလုပ်ရာတွင် သိရှိလိုက်နာရမည့်အချက်များ၊ မူးယစ်ဆေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များနှင့် လူကုန်ကူးမှု တာဆီးကာကွယ်နှိမ်နင်းရေးများ၊ တိုင်းရင်းဆေးနှင့် ပတ်သက်သော အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကျန်းမာရေး အသိပညာများ၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းများ ကို သိရှိလိုက်နာစေရန် အချက်များ စသည်တို့ကို တာဝန်ရှိသူ အသီးသီးမှ ဟောပြောခဲ့ပြီး  သံတွဲ မြို့နယ်၊ အမှတ်(၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ကျေးရွာနေပြည်သူများက မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး ကျေးရွာနေပြည်သူများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေမျိုးအောင်(ပြန်/ဆက်)