မာန်အောင်မြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများအား ကျန်မာရေးစစ်ဆေးပေးခြင်း​နှင့်အသိပညာပေးဟောပြောခြင်းများဆောင်ရွက်

မာန်အောင်  သြဂုတ်   ၂၁

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများဖြစ်သည့် ကုန်းခင်ကျေးရွာအုပ်စု၊ ကုန်းခင်ကျေးရွာ အ-မ-က၊ ပုန်ဆိုးကြီးကျေးရွာအ-မ-ကနှင့် ခအုန်းမော်ကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာအ-မ-က၊ ရွာမကျေးရွာ အ-လ-ကတို့တွင် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းကို ဩဂုတ်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါကျောင်းများ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အဖွဲ့ခွဲပြီး အဆိုပါကျောင်းများတွင် မူလတန်းအဆင့်ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မိမိသွားများကို နည်းစနစ် မှန်ကန်စွာသွားတိုက်တတ်စေရန် ပြသပေးခြင်း၊ လက်ဆေးနည်းများကို လက်တွေ့သင်ကြားပြသပေးခြင်း၊ ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေးနှင့် အခြားဖြစ်ပွားတတ်သည့်ရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်ပိုးလောက်လန်းများ ပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေလှောင်ကန်၊ ရေအိုး၊ ဘုရားပန်းအိုး၊ တာယာဟောင်းများစသည်တို့တွင် ခြင်များမပေါက်ပွားစေရန် ဖုံး၊လဲ၊သွန်၊စစ်၊အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်နေမှုအကြောင်းအရာများနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)