မောက်မယ်မြို့နယ်တွင် ဒေသခံတောင်သူများ အားထား စိုက်ပျိုးသည့် နွေနှမ်းများ စတင်ရိတ်သိမ်း

မောက်မယ် သြဂုတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးမည့်အစား လယ်ထဲ၌ စိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေး အားထားစိုက်ပျိုးထားသော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးပေးသည့် ဆင်းရတနာ−၁၄ နွေနှမ်း စိုက်ခင်းများ အသီးရင့်နေပြီဖြစ်၍ ယမန်နေ့တွင် စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

ယခုနှစ် နွေနှမ်းသီးနှံများစိုက်ပျိုးရာသီတွင် မောက်မယ်မြို့နယ်မှ ဒေသခံတောင်သူများသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အားထားစိုက်ပျိုးခဲ့သည့် နွေနှမ်းစိုက်ခင်းများသည် စတင် စိုက်ပျိုးချိန်မှ ရက်(၉၀)မှ ရက်(၁၀၀)အတွင်း သက်တမ်းတိုပြီး အထွက်နှုန်းကောင်းမွန်သဖြင့် ယခုနှစ်တွင် တောင်သူများတွင် တွင်ကျယ်ကျယ် စိုက်ပျိုးခဲ့ကြရာ စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တွေ့ရသည်။

မောက်မယ်မြို့နယ်တွင် စိုက်ပျိုးရေများ အဆင်ပြေသည့်အပြင် စိုက်ပျိုးမြေသည်လည်း ကောင်းမွန်သောကြောင့် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ် ထွန်းလျက်ရှိကြသည်။ ယခုနှစ် သီးနှံများတိုးချဲ့စိုက်ပျိုးမှုပုံစံတွင် လယ်မြေများ၌ မိုးကြိုနှမ်းစိုက်ပျိုးပြီး လျင် မိုးစပါးကိုလည်းကောင်း၊ ယာမြေများတွင် မိုးကြိုနှမ်းစိုက်ပျိုးပြီးလျှင် ပဲတီစိမ်း(သို့) ဆောင်းပဲပုတ် သော်လည်းကောင်း စိုက်ပျိုးကြခြင်းဖြစ်ရာ မူလသီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးထပ်သီးနှံများ စိုက်ပျိုးချိန်မီရန်အတွက် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းမွန်သည့် ဆင်းရတနာ−၁၄နွေနှမ်းမျိုးအား တောင်သူများက ရွှေးချယ်စိုက်ပျိုးကြရာ  ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်း၍ နွေနှမ်းထွက်ရှိနှုန်းကောင်း ကြောင်း ယခုအခါနွေနှမ်းများကို သြဂုတ်လ တတိယပတ်မှစတင်နှုတ်သိမ်းနေကြပြီး နေပူသည့်ရက်များ တွင် နှမ်းခါခြင်း၊ လှေ့ခြင်း(သန့်စင်ခြင်း)လုပ်ငန်းများ  နှောင့်နှေးကြန့်ကြာနေခဲ့ခြင်းကြောင့် မိုးစပါးအမီ စိုက်ပျိုးရန် ထယ်ရေးဝင်ရတော့မည်ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)