စဉ့်ကိုင်မြို့နယ် ဟင်းငူအ-ထ-က၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း ကျင်းပ

စဉ့်ကိုင် သြဂုတ် ၂၀

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းများ ကျင်းပဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ဟင်းငူအခြေခံပညာအထက်တန်းကျောင်း၌ "လူငယ်စကားဝိုင်း"ကို သြဂုတ်(၁၈)ရက်၊ နံနက်(၁၀)နာရီက ရွှေရတနာခန်းမအတွင်း ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးကိုယ်စား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေမြင့်က အမှာစကားပြောကြားခဲ့ပြီး စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရေး၊   စဉ်းစားတွေးခေါ်မှုမြင့်မားစေရေး၊ ပါ၀င်ဆွေးနွေးတတ်စေရေး၊   နိုင်ငံ့ခေါင်းဆောင် လူငယ်လူရွယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းကဦးဆောင်၍ လူငယ်စကားဝိုင်းကိုပြုလုပ်ခဲ့ရာ Grade -12 မှ မရွှန်းလဲ့ဦးက လူငယ်နှင့်ကျန်းမာရေး၊ Grade-11မှ မောင်ဇင်မျိုးထွန်း က  လူငယ်နှင့် အားကစား၊ Grade -10  မောင်နေထင်ရှင်း လူငယ်နှင့်စာပေ၊ Grade -9 မှ မချမ်းမြသော်တာက   လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကလည်း ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရွက်ပေးနေမှုအခြေအနေများကို နံရံကပ်စာစောင်၊ ဓာတ်ပုံများဖြင့် ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များက စိတ်ပါ၀င်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော့မူယာမောင်