မလှိုင် ဩဂုတ် ၂ဝ
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ကြီးမှူးပြုလုပ်သော လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သက်ငယ်မုဒိန်းအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က ပန်းအိုင်အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးနေသွေးက လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သက်ငယ်မုဒိန်းအကြောင်း အသိပညာပေးဟောပြောပွဲများ လာရောက်ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ဉပဒေအရာရှိ ဉီးကျော်ရဲထွန်းက သက်ငယ်မုဒိန်းအကြောင်းနှင့် ဉပဒေပါပြဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကလေးသူငယ်အခွင့်အရေးများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်ကျော်ခိုင်ဦးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ လူကုန်ကူးမှုအဓိပ္ပာယ်၊ လူကုန်ကူးမခံရစေရေး ကျောင်းသား/ကျောင်းသူများ သတိထားလိုက်နာရမည့်အချက်များ၊ မိမိနှင့်မိမိပတ်ဝန်းကျင်တွင် လူကုန်ကူးခံရမှုဖြစ်ပွားပါက ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်း ကိုပညာပေးဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမိပါက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်ဆိုင်ရာဆိုးကျိုးများ၊ ဉပဒေဆိုင်ရာအဓိပ္ပါယ် ဖွင့်ဆိုချက်နှင့်ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို အသေးစိတ်အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် ပန်းအိုင်အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးမွန်က ကျေးဇူတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး အသိပညာပေးဟောပြောပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်ဉပဒေအရာရှိ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၂၅၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)