မလှိုင်မြို့နယ်၊ ဝါးခွကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

မလှိုင် သြဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က ဝါးခွကျေးရွာ၊ ဝါးခွတောင်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် မြစိမ်းရောင်စီမံကိန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၆၆) ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၂၂) ဦး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ (၂၄) ဦး၊ စုစုပေါင်း (၁၁၂) ဦးတို့အား မတည်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းလုပ်ကိုင်သူမဆို အကျိုးရှိအောင်  တိုးပွားအောင် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ အတိုးပေးဆပ်ရမည့်ကာလ၊ အရင်းပေးဆပ်ရမည့်ကာလတွင်လည်း သတ်မှတ်ထားသည့်ငွေများကို ပြန်လည်ပေးဆပ်သွားရန်နှင့် စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်  တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုစုက မြစိမ်းရောင် စီမံကိန်းနှင့်ပတ်သက်၍ မတည်ထုတ်ချေးငွေ ကျပ်သိန်း (၃၀၀) အပေါ်တွင် အတိုး (၁) ကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး ရရှိလာသည့်အတိုးငွေများ၏ (၅၀) ရာခိုင်နှုန်းကို ကျေးရွာမှ ရရှိမှာဖြစ်သည့်အတွက် စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်၊  ဆုပေးသည့်စနစ်ဖြင့် ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် ဆုရရှိစေချင်ပါကြောင်း၊  မြစိမ်းရောင်စီမံကိန်းတာဝန်နှင့် ရပိုင်ခွင့်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း မတည်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးစိုးမင်းထက်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုစုတို့က ပေးအပ်ခဲ့ရာ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လက်ခံရယူခဲ့သည်။  ယင်းနောက် ပြူကန်ကျေးရွာနှင့် ကံစွယ်ကျေးရွာတို့အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း (၁၅၀) ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့က သက်ဆိုင်ရာကျေးရွာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များထံ ပေးအပ်ခဲ့သည်။ 

ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးတင်ခိုင်နှင့်အဖွဲ့ဝင်များက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ၊ စုစုပေါင်း (၁၁၂) ဦးတို့အား တစ်ဦးချင်းငွေသားများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)