လယ်ဝေးမြို့၌ ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးသရုပ်ပြစိုက်ပျိုး

လယ်ဝေး  သြဂုတ် ၂၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေး​မြို့နယ်၊ သဲကောကြီး​ကျေးရွာတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်( ၄၇ ) စက်မှုလယ်ယာစခန်းမှ ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးသရုပ်ပြစိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီခွဲက ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးနိုင်ဦး၊ ခရိုင်ဦးစီးမှူး ဦးမျိုးဇော်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးမြင့်ဆောင်၊ အဖွဲ့ဝင်ဦးဝင်းအောင်နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦးက စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် စပါးစိုက်ပျိုးရာ ထွန်စက်နှင့် တွဲဖက်သုံးကိရိယာဖြင့် အခြောက်မျိုးစေ့ချ စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် တွဲဖက်၍ မျိုးစေ့ချကိရိယာဖြင့် အစိုသမန်းပေါ်တွင် မျိုးစေ့ချ စိုက်ပျိုးခြင်း၊ ဗန်းဖြင့်ပျိုးထောင်ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းစသည့် စိုက်နည်းစနစ်များ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၏ အားသာချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် သဲကောကြီးကျေးရွာမှ တောင်သူ ဦးကျော်ထွန်း၏ လယ်မြေ ၂ ဧကတွင် မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် မိုးစပါး သရုပ်ပြစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက် )