မြစ်ကြီးနား သြဂုတ် ၂၀
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့ရွာများသန့်ရှင်းသာယာလှပစေရေး အပတ်စဉ် စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဘုရားကျောင်းကန်နေရာများ၊ အများပြည်သူဝင်/ ထွက်သွားလာရာနေရာများ၊ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီတွင် မြစ်ကြီးနားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းဝင်းများအတွင်း ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ အမှိုက်များကောက်ယူခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေမြောင်းများ တူးဖော်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ မနောကွင်းအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံက ချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းဝင်များနှင့်အတူ မနောကွင်းအတွင်း မဂျွယ်ခန်းမရှေ့၌လည်းကောင်း၊ မနောကွင်းအဝင်လမ်း တစ်လျှောက်တွင်လည်းကောင်း၊ မနောတိုင်၊ မနောကွင်းပတ်လည်နှင့် မနောကွင်းပတ်လမ်းဘေးတွင်လည်းကောင်း သပြေဘူတ၊ ထိုင်းငုဝါ၊ ထိုင်ဝမ်ဗန်ဒါ၊ စက္ကူပန်း၊ မယ်ဇယ်၊ ထိုင်းဇလပ်ပု စသည့် အရိပ်ရအပင်ကြီးမျိုးနှင့် အလှပန်းပင်များစုစုပေါင်း(၃၀၀၀၀)ကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏အထိမ်းအမှတ်နှင့် အထင်ကရနေရာတစ်ခုဖြစ်သည့်အပြင် ခရီးသွားဧည့်သည်များအား အဓိကစွဲဆောင်သည့် နေရာတစ်ခုဖြစ်သည့်အတွက် အစဉ်အမြဲသန့်ရှင်းသာယာပြီး ရာသီအလိုက် ပန်းပင်များဖြင့်ဝေဆာနေစေရန် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရေး ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သတ္တဗေဒဌာနမိသားစုများ၏ အာစရိယပူဇော်ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နှုတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြရာ သတ္တဗေဒဘာသာရပ်မှ Day နှင့် အဝေးသင်ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသား/ ကျောင်းသူများက တိုင်းရင်းသားရိုးရာ တေးသီချင်း သရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် သတ္တဗေဒကျောင်းသား/ကျောင်းသူများက မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားဟောင်းများဖြစ်ကြသည့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ ဆရာမများအား ဂါဝရပြုပူဇော်ကန်တော့ကြသည်။
ဆက်လက်၍ သတ္တဗေဒကျောင်းသားဟောင်း ပြည်နယ်ဝန်ကြီးချုပ်က အနန္တောအနန္တဂိုဏ်းဝင် ဆရာ/ဆရာများအား ဂါဝရပြုကန်တော့ခြင်းသည် မွန်မြတ်သည့် အလေ့အထတစ်ခုဖြစ်ပြီး မိမိတို့အတွက် ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော ဘဝတစ်သက်တာကို လျှောက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်တွင် ပညာသင်ကြားရင်း မိမိတို့ဘဝတစ်လျှောက်လုံး ပညာရည်ပြည့်ဝသည့်၊ ထူးချွန်ထက်မြက်သည့် လူငယ်များအဖြစ်မှ အနာဂတ်နိုင်ငံ့တော်အတွက် အားထားရသည့် လူရည်မွန်များဖြစ်လာစေရန် ကြိုးစားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက သတ္တဗေဒဘာသာရပ်မှ စာပေရေးရာကဏ္ဍနှင့် အားကစားကဏ္ဍတို့တွင် ထူးချွန်သည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ ရှမ်းဓမ္မာရုံ၌ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပသည့် ရှမ်းတိုင်းရင်းသား မျိုးနွယ်စုများ၏ အဋ္ဌမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ တက်ရောက်ခဲ့ကြပြီး ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများအတွက် အလှူငွေမျာကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)