စစ်တွေ သြဂုတ် ၂၀
စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(စစ်တွေ)တို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (စစ်တွေ) ကျောင်းအုပ်ကြီးဦးကျော်သန်းက အဖွင့်အမှာစကားပြောကြားပြီး စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက လူငယ်နှင့်စာပေဖတ်ရှုခြင်းတန်ဖိုးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြော ဆွေးနွေးခဲ့သည်။
၎င်းနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (စစ်တွေ)မှ Grade-12 ကျောင်းသူ မအေးအေးငြိမ်းက “မဟတ္တမဂန္ဒီအတ္ထုပ္ပတ္တိ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မငြိမ်းမြတ်သူက “မာတင်လူသာကင်းဂျူနီယာအတ္ထုပ္ပတ္တိ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-12 ကျောင်းသား မောင်လှထွန်းက “တိုက်စစ်နှင့်ဘဝတိုးတက်အောင်မြင်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ချမ်းလဝင်းက “စကားပြောတတ်မှ လောကနှင့်အဆင်ပြေ” ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ အပြန်အလှန် မေးမြန်းဆွေးနွေးမှုအပေါ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။
အဆိုပါပွဲအပြီးတွင် တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှု လေ့လာခဲ့ကြောင်း၊ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (စစ်တွေ)မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်စိုးဦး