မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

မိုင်းဆတ် ဩဂုတ် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ဗဟိုပြု အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းတည့်(၁၂)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာသည့် နည်းပညာခေတ်တွင် လူငယ်များ လမ်းမှားမရောက်စေရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးပိုင်ထူးက လူငယ်နှင့်ဘဝ ရည်မှန်းချက် ခေါင်းစဉ်ဖြင့် ငယ်ရွယ်စဉ်အခါ ပညာသင်ယူခြင်းသည် မိမိဘဝရပ်တည်နိုင်ရန်နှင့်အမှားအမှန်ကို ကိုယ်တိုင်စဉ်းစားဆုံးဖြတ်နိုင်ရန် လေ့ကျင့်သင်ယူကြရခြင်းဖြစ်ကြောင်းနှင့် ပညာသင်ယူနေစဉ် ဘဝရည်မှန်းချက်ထားရှိပြီး အသိပညာ၊ အတတ်ပညာများ ပြည့်စုံလာပါက မိမိတို့ရည်မှန်းချက်ပန်းတိုင်ဆီ အောင်မြင်စွာ ရောက်ရှိဖို့လိုကြောင်း အသိပညာပေးပြောကြားပြီး လူငယ်အသင်း(Youth Club) ဥက္ကဋ္ဌ ဦးချင်းတွင်းဇော်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် ကျောင်းသင်ခန်းစာများ လေ့လာသင်ယူနေကြသည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကောင်းမွန်စွာပညာသင်ကြားနိုင်ရန် ကျန်းမာကြံ့ခိုင်ဖို့လိုကြောင်းနှင့် ကိုယ်ခန္ဓာကျန်းမာမှသာ သင်ခန်းစာများကို မပျက်မကွက် လေ့လာသင်ယူနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များမေးမြန်းကာ မိမိတို့၏ဘဝရည်မှန်းချက်များကို ပြန်လည်ဖြေကြားခဲ့‌ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)