ကျောက်ပန်းတောင်း ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးနှမ်းများ စတင်နှုတ်သိမ်းနေပြီဖြစ်ကာ၊ သီးနှံပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရရှိသဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မေလဒုတိယပတ်က မိုးခါမုန်တိုင်းကျရောက်ပြီး မိုးရွာသွန်းမှုကောင်းခဲ့သဖြင့် စတင်စိုက်ပျိုးခဲ့ကြသည့် မိုးနှမ်းသီးနှံများ၊ မြေပဲသီးနှံများနှင့် ပဲစဉ်းငုံသီးနှံများ ကောင်းစွာဖြစ်ထွန်းခဲ့ကြပြီး၊ ယခုအခါ မိုးနှမ်းသီးနှံများကို ဩဂုတ်လဆန်းမှ စတင်နှုတ်သိမ်းနေကြပြီး၊ မိုးကင်းစင်မှုမရှိသဖြင့် နှမ်းခါခြင်း၊ လှေ့ခြင်း(သန့်စင်ခြင်း)လုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေခဲ့ရကြောင်း သိရသည်။ ယခုရက်များအတွင်း မိုးပွင့်နေသာသဖြင့် နှမ်းခါခြင်းလုပ်ငန်းများကို အပြိုင်အဆိုင်ဆောင်ရွက်နေကြပြီး၊ အချို့တောင်သူများမှာလည်း သီးနှံပေါ်ဦးပေါ်ဖျား ဈေးကောင်းရသဖြင့် ရောင်းချနေကြပြီဖြစ်ကြောင်း သိရသည်။ “ဒီနေ့ ကျွန်တော်ရောင်းခဲ့တာတော့ နှမ်းဖြူတစ်တင်းကို ၁၃၅၀၀၀ ကျပ်ရခဲ့တယ်ဗျ…အဝင်များလာရင်တော့ ဈေးကကျဦးမှာလား မသိဘူးရယ်…ဒါပေမဲ့ ဒီဈေးတန်းလေးဆိုရင်တော့ တောင်သူတွေအတွက်လည်း မဆိုးဘူးပေါ့ဗျာ…ကျွန်တော်ဆို ၃ စိတ်ကျနှမ်းခင်းက တင်း ၂၀ မဲ့မဲ့ လောက်ရတယ်…လုပ်ငန်းစတဲ့ အချိန်ကစပြီး အခုပုတ်ထဲတောင်းထဲ ရောက်တဲ့အချိန်ထိဆိုရင် ရင်းနှီးမြှုတ်နှံမှုကုန်ကျစရိတ်က အလုပ်သမားခရော…ထွန်းယှဉ်းငှားခတွေရော… မျိုးဈေး.. ပိုးသတ်ဆေးဘိုး အကုန်လုံးပေါင်းရင် ၁၀ သိန်း နည်းပါးလောက်ကုန်တယ်ဗျ… အခု တင်း ၂၀ လောက်ရပြီး ဒီဈေးနဲ့ရောင်းရတော့ အစဉ်တော့ပြေပါတယ်ဗျာ…” ဟု ကျောက်ပန်းတောင်းမြို့ တောင်ဘက်အရပ် ရွာလတ်ကျေးရွာမှ နှမ်းတောင် သူ ဦးသိန်းတန်က ပြောပါသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးရာသီသီးနှံဖြစ်သည့် နှမ်းသီးနှံကို တစ်မြို့နယ်လုံးအနေဖြင့် ၁၂၁၁၅၁ ဧက စိုက်ပျိုးရန်လျာထားသည့်အနက်မှ လက်ရှိမြေပြင်တွင် ဧက ၁၃၃၆၀၂ ဧက စိုက်ပျိုးခဲ့ရာ၊ လျာထားချက်ထက် ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး၊ ယခုနှစ် မိုးလေဝသကောင်းမွန်သဖြင့် နှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်း၍ အထွက်နှုန်းကောင်းမွန်ခဲ့ကြပြီး ရောင်းချချိန်တွင်လည်း ဈေးကောင်းရရှိသဖြင့် နှမ်းစိုက်တောင်သူများ အစဉ်ပြေကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)