နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံပြည်သူများဖြင့် တွေ့ဆုံဆွေးနွေး

ဇေယျာသီရိ ဩဂုတ် ၂၀

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ခေတ်အေးကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျင်းပခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်၊ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြိုနယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အစားအစာဖူလုံရေးနှင့် ဇေယျာသီရိမြိုနယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းပြောကြားခဲ့သည်။  ယင်းနောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက စိုက်ပျိုးရေရရှိရေး၊ သွင်းအားစုလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရရှိသုံးစွဲနိုင်ရေး အခြေအနေများအား တင်ပြဆွေးနွေးခဲ့ရာ နေပြည်တော်ကောင်စီအဖွဲဝင်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဖြစ်လာစေရေးအတွက် တဲကုန်းကျေးရွာရှိ မျှစ်ချဉ်လုပ်ငန်းများအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)