သံဖြူဇရပ် ဩဂုတ် ၂၀
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀နာရီ က နှစ်ကိုင်း အ.ထ.က(ခွဲ)ကျောင်းခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိလှလှမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက ကျောင်းသား လူငယ်များ ဗဟုသုတကြွယ်ဝပြီး အတွေးအခေါ်မြင့်မားသည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်၊အစုအဖွဲ့ဖြင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးတတ်သည့် အလေ့အကျင့် အလေ့အထကောင်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက Moderator ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး အထက်တန်းအဆင့်ကျောင်းသား/သူများမှ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး၊ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များ ကိုမေးမြန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီမှ ပြန်လည်ဖြေကြားဆွေးနွေးပေးခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)