မအီမြို့တွင် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် မူလတန်းအရွယ် ကျောင်းသား/ကျောင်းသူများအား သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်

မအီ  ဩဂုတ် ၂၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အာဟာရရက်သတ္တပတ်အနေဖြင့် ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် မူလတန်းအရွယ်ကျောင်းသား/ကျောင်းသူများအား သံကောင်ရောဂါ ကင်းဝေးစေရေးအတွက် သံချဆေးတိုက်ကျွေးခြင်းများကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာန၊ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲ၌ မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက ဟောပြောရာတွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုယ်ကာယကျန်းမာနေရုံဖြင့် မလုံလောက်ဘဲ ကာယသုခ၊ စိတ်ဓာတ်သုခ၊ မိတ္တသုခတို့ပါ ကျန်းမာနေရန်လိုအပ်ကြောင်း၊ ထို့နောက် ဂျပန်ဦးနှောက်ရောင်ရောဂါလက္ခဏာများ အကြောင်း၊ သွေးလွန်တုတ်ကွေးရောဂါလက္ခဏာများနှင့် ရောဂါမဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သံကောင်ရောဂါမဖြစ်ပွားစေရေးအတွက် ကျေးလက်ကျန်းမာရေးဌာနမှ(အခမဲ့) တိုက်ကျွေးပေးသည့် သံချဆေးများကို သောက်သုံးထားရန်လိုအပ်ကြောင်းနှင့် ကျောင်းသူ/ ကျောင်းသား များအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိရန် လိုအပ်ကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိလျှင် ကူးစက်တတ်သောရောဂါများအကြောင်းတို့ကို ဟောပြောခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာကြသည့် မူလတန်းအရွယ် ကျောင်းသား/ကျောင်းသူများအား သံချဆေးများ တိုက်ကျွေးပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ(၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းများကို အာဟာရရက်သတ္တပတ်ကာလအတွင်း၌ ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ပြီး ကျေးရွာအုပ်စုများရှိ ကျေးလက်ကျန်းမာရေး ဌာန(ခွဲ)ဝန်ထမ်းများကလည်း အလားတူ ကျန်းမာရေးစောင့်ရှောက်ခြင်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာရေးမှူး ဦးလှဝင်းက သိရသည်။

 မောင်မောင်ဌေး(ပြန်/ဆက်)