မိုင်းဖြတ် သြဂုတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ဝမ်လုံးအုပ်စု၊ နားမွန်းကျေးရွာရှိ ကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာတင်ကိုကိုက တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လိုက်နာရမည့်အချက်များ၊ တိရစ္ဆာန်များမွေးမြူရာတွင် ခြံလှောင်စနစ်ဖြင့် စနစ်တကျမွေးမြူရေးနှင့် တိရစ္ဆန်များတွင် ရာသီအလိုက်ဖြစ်ပွားလေ့ရှိသော ရောဂါလက္ခဏာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဒေါက်တာ ထွန်းဇော်ဝင်းက ဝက်များမွေးမြူရာတွင် ဇီဝလုံခြုံရေးအတွက် လိုက်နာရမည့်အချက်များနှင့် ဇီဝလုံခြုံခြင်း၏ ကောင်းကျိုးများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါက်တာ တင်ကိုကိုနှင့် ဒေါက်တာထွန်းဇော်ဝင်းတို့က နားမွန်းကျေးရွာရှိ တစ်နိုင်တစ်ပိုင် မွေးမြူရေးခြံများအတွက် ခြံဖျန်းပိုးသတ်ဆေးနှင့် ကြက်ဥအလုံး (၁၅၀)ကို ကျေးရွာရှိ တာဝန်ရှိသူများထံ (အခမဲ့)ထောက်ပံ့ပေးအပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)