ကျောက်ဖြူမြို့၌ ဇီဝဇိုးငှက်များကိုမွေးမြူပြီး ခေတ်မီနည်းပညာများနှင့်ပေါင်းစပ်ကာ ပြည်တွင်းဈေးကွက်အထိ ထိုးဖောက်ရန်လုပ်ဆောင်နေသည့် သဘာဝငှက်သိုက်လုပ်ငန်း အောင်မြင်

ကျောက်ဖြူ ဩဂုတ် ၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ နေအိမ်သို့သဘာဝအလျှောက် ရောက်ရှိလာသော ဇီဝဇိုးငှက်များကို မွေးမြူထားရှိပြီး ခေတ်မီနည်းပညာများနှင့်ပေါင်းစပ်ကာ ပြည်တွင်းဈေးကွက်အထိ ထိုးဖောက်ရောင်းချရန် လုပ်ဆောင်နေသည့် MSME လုပ်ငန်းတစ်ခုဖြစ်သော KSW သဘာဝငှက်သိုက်လုပ်ငန်းမှာ အောင်မြင်လျက်ရှိကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်နေသူ ဦးကျော်စွာဝင်း ထံမှသိရသည်။

“ကျွန်တော်တို့ ဒီငှက်သိုက်လုပ်ငန်းကိုစတင်လုပ်ခဲ့တာ ၂၀၂၀ ခုနှစ်ခန့်လောက်က ဖြစ်ပါတယ်၊ ကျွန်တော်တို့ဒေသဟာ ပင်လယ်ကမ်းခြေဒေသဖြစ်တဲ့အတွက် နဂိုတည်းက ဒီဇီဝဇိုးငှက်တွေက ရှိပြီးသားပါ။ ငှက်တွေအိမ်ကိုစရောက်တုန်းက အကောင်ရေ သုံးလေးငါးဆယ်လောက် ရှိပါတယ်။ ကျွန်တော်အိမ်ကို ရောက်လာတဲ့ ဧည့်သည်တစ်ယောက်က ဒီဒေသမှာ ဒီငှက်တွေရှိတယ်။ ငှက်သိုက်လုပ်ငန်းကိုစိတ်ဝင်စားလားလို့ မေးပါတယ်။ သူ့ရဲ့အကြံပြုချက်နဲ့ ဒီလုပ်ငန်းကို လုပ်ဖြစ်သွားတာပါခင်ဗျ။ အခုဆိုရင် ငှက်ကောင်ရေ ၈၀၀ ကျော်လောက်ရှိနေပါပြီခင်ဗျ။ ငှက်သိုက်တွေကို ကုန်ကြမ်းရောင်းချမှုအပြင် ကုန်ချောထုတ်လုပ်ပြီး မြန်မာတစ်နိုင်ငံလုံးကို ထုတ်လုပ်ဖြန့်ဖြူးသွားဖို့ လုပ်ဆောင်နေပါတယ်။ သဘာဝသယံဇာတဖြစ်တဲ့အတွက်လည်း ဒီလုပ်ငန်းကို လုပ်ကိုင်ချင်ပါတယ်။ နိုင်ငံတော်က ပံ့ပိုးပေးဖို့အတွက်လည်း ကျွန်တော်တို့ကြိုးစားထားပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ ဇီဝဇိုးငှက်များမှာ အိမ်သို့သဘာဝအလျှောက် လာရောက်နေထိုင်ခဲ့သော ဇီဝဇိုးငှက်များကို ‌နေခွင့်ပြုထားရှိခဲ့ပြီး ငှက်များနေထိုင်နိုင်ရန် ပြုပြင်ဖန်တီးပေးခဲ့ရာမှ တဖြည်းဖြည်းငှက်များ များပြားလာကာ တစ်နှစ်လျှင် နှစ်ကြိမ်သားပေါက်ကြောင်း၊ လက်ရှိတွင် ဇီဝဇိုးငှက်များကို အပြင်ခေါ်သံ၊ အတွင်းခေါ်သံ စနစ်တွေအပြင်၊ အပူချိန်များသည့်အချိန်များတွင် ငှက်တွေအပူချိန်မများစေရန်အတွက် ဝိုက်ချာ၊ ရေငွေ့ပေး စနစ်ဖြင့် မွေးမြူထားကြောင်း၊ ငှက်သားပေါက်အရွယ်သို့ရောက်ရှိပြီး အသိုက်များကို စွန့်လွှတ်ချိန်မှသာ အသိုက်ဟောင်းများကိုခွာယူ၍ ရရှိလာသည့်ငှက်သိုက်များကို အသင့်စားသုံးနိုင်သည်အထိ ခေတ်မီနည်းပညာများကိုအသုံးပြု၍ ပြည်တွင်းဈေးကွက်များ အထိ ထိုးဖောက်ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ရှင်းလင်းပြောကြားသည်။

MSME လုပ်ငန်းတစ်ခုဖြစ်သော “KSW သဘာဝငှက်သိုက်လုပ်ငန်း” နှင့်ပတ်သက်၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုမြင့်က ကျောက်ဖြူခရိုင်အတွင်းတွင် MSME လုပ်ငန်း (၁၆၁)ခုရှိကြောင်း၊ ဌာနအနေဖြင့် MSME လုပ်ငန်းများတိုးတက်စေရန် ကွင်းဆင်းဆောင်ရွက်ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ လိုအပ်ချက်များကို မေးမြန်းပြီး တတ်နိုင်သမျှကူညီဆောင်ရွက်ပေးကြောင်း၊ လုပ်ငန်းရှင်များ အတွက် ရုံးချုပ်ကဖွင့်လှစ်ပေးသည့် သင်တန်းများကိုလည်း zoom meeting တွေနဲ့ တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးကြောင်း၊ အခါအားလျော်စွာ ဒေသတွင်းတွင်ဖြစ်စေ နိုင်ငံအတွင်းတွင်ဖြစ်စေ ကျင်းပနေသည့် MSME ထုတ်ကုန်ပြပွဲများတွင်လည်း ကျောက်ဖြူခရိုင်မှ လုပ်ငန်းရှင်များပါဝင်ပြီးပြသနိုင်ရန် စီစဉ်ချိတ် ဆက်ပေးကြောင်းနှင့် “KSW သဘာဝငှက်သိုက်လုပ်ငန်း” သည်လည်း MSME လုပ်ငန်းတွင်တစ်ခုအပါအဝင် ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ဇီဝဇိုးငှက်များမှ ရရှိလာသော ငှက်သိုက်သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် မြန်မာနိုင်ငံတွင် ငှက်သိုက်ကို သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါဖြစ်နေသူများနှင့် အားအင်ကုန်ခမ်းနေသူများအား ငှက်သိုက်ပေါင်းကျွေးလေ့ရှိကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)