ရန်ကုန် ဩဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုကာကွယ်တားဆီးရေး၊ ယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လမ်းမတော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နောင်ဖြူက အဖွင့်အမှာစကား ပြောကြားပြီးလမ်းမတော် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမောင်မောင်သန်းက လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးကိုလည်းကောင်း၊ လမ်းမတော်မြို့နယ် ဒုတိယဥပဒေအရာရှိက လူကုန်ကူးမှုဆိုင်ရာ ဥပဒေ အကြောင်းအရာများကိုလည်းကောင်း၊ အမှတ်(၄၈)ယာဥ်ထိန်းရဲတပ်ဖွဲ့စု ဒုရဲမှူးအေးနိုင်သန်းက ယာဥ်အန္တရာယ်ကင်းစင်ရေး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်းကိုလည်းကောင်း၊ လမ်းမတော်မြို့နယ် ဒုတိယဥပဒေအရာရှိက လူကုန်ကူးမှုဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောကြသည်။
အဆိုပါအခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၀၀)ကျော် တက်ရောက်ခဲ့ပြီးကျောင်း သားကျောင်းသူများက မိမိတို့သိလိုသည်များကိုမေးမြန်းကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြကြောင်း သိရသည်။
ကျော်ဆန်းမြင့်