မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ရတနာထွန်းဈေးကို သွားရောက်ကြည့်ရှုစစ်ဆေး

မော်လမြိုင်    ဩဂုတ် ၂၀

မွန်ပြည်နယ်အတွင်း အခြေခံပညာ စာသင်ကျောင်းများမှာ သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ဥပဓိရုပ်ကောင်းမွန်စေရေး၊  ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းရှင်းလင်းနေမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး သန့်ရှင်းသာယာလှပမှုရှိစေရန်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြေသော စာသင်ကျောင်းများ ဖြစ်ပေါ်လာစေရေး အလေးထားဆောင်ရွက်ပေးကြရန် စာသင်ကျောင်းကျန်းမာရေး၊ အခြားလိုအပ်သည်များနှင့်ပတ်သက်၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားပြီး စာသင်ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့သည်။

အလားတူ မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေပညာစာသင်ကျောင်းများတွင်လည်း စိမ်းလန်းစိုပြေစေရေးနှင့် ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ် ပုံမှန်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ရတနာထွန်းဈေးသို့ရောက်ရှိရာဈေးအတွင်းလိုက်လံ ကြည့်ရှုစစ်ဆေးပြီး ဈေးတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဈေးအတွင်း၊ အပြင် သန့်ရှင်းသာယာရေး၊ စနစ်တစ်ကျ ရောင်းဝယ်ဖောက်ကားနိုင်ရေး ဆောင်ရွက်ကြရန်၊ ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပွားစေရေး၊ အမှိုက်များကို စနစ်တကျစွန့်ပစ်စေရေးနှင့် အမှိုက်သိမ်းစနစ်ကောင်းမွန်စေရေးကိုလည်း တာဝန်ရှိသူများမှ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ဖြင့် လမ်းညွှန်မှာကြား၍ အများပြည်သူများ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများအား  ဝယ်ယူရောင်းချပေးနေမှုအခြေအနေများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)