ဆီဆိုင် ဩဂုတ် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ဘန့်ဗွီးကျေးရွာအုပ်စု၊ လွယ်မန့်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဩဂုတ် ၁၈ ရက် ညနေ ၃ နာရီခွဲခန့်က power bank အားသွင်းရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဩဂုတ်၁၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် လွယ်မန့်ကျေးရွာနေသူ တောင်သူတစ်ဦး ဘုန်းကြီး ကျောင်းအပေါ်ထပ်သို့ သွားရောက်ကာ ဆိုလာပြားမှတဆင့် ချိတ်ဆက်သွယ်တန်းထားသော ဘတ္ထရီဖြင့် power bank အားသွင်းထားခဲ့ပြီး တောင်ယာသို့ ပြန်လည်သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိရာ ၁နာရီခန့်အကြာ power bank ပြန်လည်လာယူရန် ဘုန်းကြီးကျောင်းသို့ ပြန်လည်သွားစဉ် power bank အားသွင်းခဲ့သော ဘုန်းကြီးကျောင်းအပေါ်ထပ်မှ မီးခိုးထွက်လောင်ကျွမ်းနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး မီးလောင်ကျွမ်းနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနယ်လ်ဆင်လှမြိုင်နှင့်မီးသတ်တပ်ဖွင့်ဝင်များ၊ ဘန်းယဉ်နယ်မြေ ရဲစခန်းမှူး ဒုရဲမှူးခွန်ကျော်ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ ဘန်းယဉ်အရန်မီးသတ်မှ ဦးစည်သူဟိန်နှင့်တပ်ဖွဲ့ဝင်များက ဘန့်ဗွီးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့်ကျေးရွာသူ၊ ကျေးရွာ သားများမှ ပူးပေါင်း၍ အလျား ၉ ပေ၊ ၅ခန်း ၊ ၄၅ ပေ၊ အနံ ၉ ပေ၊ ၅ ခန်း၊ ၄၅ ပေ၊ အပေါ်ပျဉ်ထောင်၊ အောက်ထပ်အုပ်ညှပ်၊ သွပ်မိုး ဘုန်းတော်ကြီးကျောင်းအား မြို့နယ်မီးငြိမ်းသတ်ယာဉ်(၂)စီးဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် မီးညွှန့်ကျိုး သွားပြီး ညနေ ၄ နာရီခွဲခန့်တွင် အပြီးသတ်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် သံဃာ(၃)ပါး၊ ကိုရင်(၁၆)ပါး၊ သတင်းသုံးနေထိုင်လျက်ရှိရာ မီးလောင်ကျွမ်းသည့် ဘုန်းကြီးကျောင်းတွင် ကိုရင်(၁၆)ပါး သတင်းသုံးနေထိုင်ကြပြီး အဆိုပါကိုရင်များအား ကျောင်းဝန်းအတွင်းရှိ သံဃာ(၃)ပါး သတင်းသုံးနေထိုင်လျက်ရှိသည့် (၂)ထပ် ဆွမ်းစားဆောင်အောက်ထပ်တွင် ပြောင်းရွေ့နေရာချ ထား ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မျိုးမြတ် (ဆီဆိုင်)