ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်‌ရ‌ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့‌ ရေထွက်ကြီးတွင် ရေကန်နှင့်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများလာရောက် အပန်းဖြေနိုင်ရေးတို့အတွက် စု‌ပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ဟိုပုံး  ဩဂုတ် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ‌ဟိုပုံးမြို့ ရေထွက်ကြီးတွင် ရေကန်တွင်းနှင့် ရေကန်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ ရေကန်ပတ်ဝန်းကျင်တွင် အမှိုက်များ စွန့်ပစ်မှုမရှိစေရေး၊ ရေကန်ပတ်ဝန်းကျင်တွင် ပြည်သူများလာရောက်အပန်းဖြေ နိုင်ရေးတို့အတွက် ယမန်နေ့နံနက် ၈ နာရီအချိန်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဟိုပုံးတပ်နယ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ဒေသ/မြိုနယ်အဆင့် ဌာနဆိုင်ရာများက ရေကန်ပတ်ဝန်းကျင်ရှိ ခြုံနွယ်‌ပေါင်းမြက်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေကန်ကို လာရောက် အသုံးပြုသူများအဆင်ပြေစေရန် ရေချိုးရန်နေရာ သီးသန့်သတ်မှတ်ခြင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းရှိ အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်‌ရ‌ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် အရာရှိကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချူပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။ ဟိုပုံးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)