မုဒုံမြို့နယ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်းသည့် အသိပညာပေးရှင်းလင်းပွဲကျင်းပ

မုဒုံ ဩဂုတ် ၂၀

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေဟင်္သာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မွန်ပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ချိုက အခွန်ပေးဆောင်ရခြင်း၏ ရည်ရွယ်ချက်၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ ကျင့်သုံးနေသောဥပဒေများ၊ ကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ စားသောက်ဆိုင်၊ ဟိုတယ်/တည်းခိုခန်း၊ ရွှေထည်လက်ဝတ်ရတနာ၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများရောင်းချခြင်းစသည့် လုပ်ငန်းရှင်များအား ပြေစာထုတ်ပေးခြင်းနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်မှုအား ဒဏ်ငွေတပ်ရိုက်ခြင်း၊ ပျက်ကွက်မှုအား တိုင်ကြားခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။  ထို့နောက် တက်ရောက်လာကြသည့် အခွန်ထမ်းလုပ်ငန်းရှင်များက သိလိုသည်တို့ကို မေးမြန်းပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

အဆိုပါရှင်းလင်းပွဲသို့ မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးမိုးဝင်း၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်အတွင်းရှိလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)