မိတ္ထီလာ သြဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါ်လေးလေးမွန်က မိမိတို့အထည်ချုပ်လုပ်ငန်းမှ အမျိုးသမီးငယ်လေးများ အလုပ်အကိုင် အခွင့်အလှမ်းရရှိအောင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပထမအကြိမ် ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ပြီးသည့် သင်တန်းသား/သင်တန်းသူများ အနေဖြင့်လည်း မော်တာအပ်စက်ချုပ်နည်းပညာများကို ဆက်လက်လေ့လာသင်ယူကြပါရန် ပြောကြားခဲ့သည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်သူများအား ဆုများ အသီးသီးပေးအပ်ခဲ့ပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ မော်တာအပ်ချုပ်စက်နည်းပညာသင်တန်းဆင်းပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း၊ မန္တလေးတိုင်းဒေသကြီး၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါ်လေးလေးမွန်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းတင်နှင့်တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)