ချောင်းဆုံမြို့နယ်တွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ ဩဂုတ် ၂၀

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲနွားတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့်ရောဂါများအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်က ဒရယ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အသိပညာပေးဟောပြောပွဲနှင့် ကျေးရွာအတွင်း ကာကွယ်ဆေးထိုးနှံခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သည့် ပေါင်ပုပ်၊ လက်ပုပ်၊ လည်ချောင်း ကွဲ၊ ခွာနာ၊ လျှာနာ၊ ဒေါင့်သန်းရောဂါနှင့် ပတ်သက်သည့်ရောဂါ အကြောင်းအရာများ ကောင်းမွန်သောကျင့်စဉ် မွေးမြူရေးလုပ်ငန်းများတွင် အဆင်ပြေချောမွေ့စေရေးအတွက် အသိပညာပေးဟောပြောခြင်းကို ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာအေးချမ်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာနွဲ့နွဲ့ရီတို့က ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ဟောပြောခဲ့ပြီး ကျေးရွာအတွင်းရှိ ကျွဲ၊ နွား တိရစ္ဆာန်များအား ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း ပေါင်ပုပ် လက်ပုပ်ကာကွယ်ဆေးအား ကောင်ရေ(၁၂၀)ကောင်၊ လည်ချောင်းကွဲ ကာကွယ်ဆေး ကောင်ရေ(၁၅၀)ထိုးနှံပေးခဲ့ပြီး အဆိုပါ ရက်သတ္တပတ်လှုပ်ရှားမှုကို ဩဂုတ်လ (၁၅) ရက်နေ့မှ (၃၀)ရက်နေ့ထိဖြစ်ကြောင်း (မွေး/ကု)ဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)