ရန်ကုန် ဩဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲ၊ အားကစားသရုပ်ပြသခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဩဂုတ်လ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီက အင်းစိန်မြို့နယ်၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း ဧဝရတ်ခန်းမတွင် ကျင်းပသည်။
ကျင်းပရာတွင် လူငယ်ရေးရာဟောပြောပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက လူငယ်ရေးရာ အသိပညာပေးဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောပြီးနောက် အင်းစိန်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးမျိုးဆွေက အားကစားအကြောင်း သိကောင်းစရာများကိုဟောပြောကာ မြန်မာ့လက်ရွေးစင် အားကစားဟောင်းများအသင်းမှ အဖွဲ့ဝင်တင်းနစ်လက်ရွေးစင် အားကစားသမားဟောင်း ဦးဘဝေက အားကစား အကြောင်း သိကောင်းစရာများကို ဟောပြောကြသည်။
ထို့နောက် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ အားကစားသမားများ၊ အင်းစိန်မြို့နယ်၊ တိုက်ကွမ်ဒိုအားကစားသမားများ၊ ရန်ကုန်တိုင်းဒေသကြီး Fitness Dance အားကစား သမားများက သက်ဆိုင်ရာအားကစားနည်းများဖြင့် သရုပ်ပြသခဲ့ကြရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ အားကစားပစ္စည်းများကို အင်းစိန်မြို့နယ်၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ပြီး အင်းစိန်မြို့နယ်၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းတာဝန်ခံ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အလားတူလူငယ်ရေးရာဟောပြောပွဲ၊ အားကစားသရုပ်ပြသခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို မွန်းလွဲ (၁)နာရီအချိန်က အင်းစိန်မြို့နယ်၊ အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)