ဆွမ်ပရာဘွမ်မြို့၌ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား ကျန်းမာရေးအသိပညာ ပေးဟောပြော

ဆွမ်ပရာဘွမ်   သြဂုတ်  ၂၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် (တတိယ) ပတ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို သြဂုတ်လ ၁၈ ရက် နံနက်  ၉ နာရီက မိခင်နှင့်ကလေးကျန်းမားရေးဌာန၌ ပြုလုပ်သည်။

ရှေးဦးစွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်အေးအေးကျော့ကကိုယ်ဝန် ဆောင်နှင့်နို့တိုက်မိခင်များအား အာဟာရမျှမျှတတ စားသုံးရန်၊ ကာကွယ်ဆေးများ ပုံမှန်ထိုးနှံကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းဝင်းက အိုင်အိုဒင်းဆားစားသုံးခြင်း၏ အကျိုးကျေးဇူးများကို လည်းကောင်း၊ မိမိစားသုံးသည့် အိုင်အိုဒင်းဆားသည် အိုင်အိုဒင်းဓာတ် အပြည့်အဝပါဝင်ရန်လိုအပ်ကြောင်း၊ ကလေးမွေးဖွားစမှ စတင်၍ မိခင်နို့ကိုသာ အဓိကတိုက်ကျွေးကြ ရန်နှင့် အခြားအစားအစာများကို လုံးဝမကျွေးရကြောင်း၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသောအစာများ၊ ရောဂါကာကွယ်စေသောအစာများ၊ အင်အားဖြစ်စေသော အစာများကို အဓိကထား ကျွေးမွေးစားသုံးရမည်ဖြစ်ကြောင်းနှင့် ဆောင်ရန်ရှောင်ရန်စသည့် ကျန်းမာရေးဗဟုသုတ အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေး  ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား  ကျန်းမာရေး အသိပညာဗဟုသုတမေးခွန်းများမေးမြန်းကာ  ဖြေဆိုနိုင်သူများအား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အာဟာရကြက်သား ဆန်ပြုတ်တိုက်ကျွေးခဲ့ကြသည်။

နန်းမြင့်(ဆွမ်ပရာဘွမ်)