နမ့်စန်(တ) ဩဂုတ် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား (၂)ယောက်တွဲနှင့် (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၈ ရက်နေ့ ညနေ ၃နာရီက အမှတ်(၅) ရပ်ကွက်ရှိ မြို့နယ်အားကစားရုံတွင် ကျင်းပခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖွင့်ပွဲတက်ရောက်လာကြသော အကြီးအကဲများနှင့်အတူ ပြိုင်ပွဲဝင် အသင်းများ အား လိုက်လံ တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုအလေးပြု၍ကွင်း အတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ဆက်လက်၍ ဖွင့်ပွဲပွဲစဉ်အဖြစ် ဈေးပွဲတော်အသင်းနှင့်အမှတ်(၂)ကျေးရွာအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အမှတ်(၂)ကျေးရွာအသင်းက အနိုင်ရရှိခဲ့သည်။
အဆိုပါ အသက်(၂၅)နှစ်အောက် အမျိုးသား (၂)ယောက်တွဲ နှင့် (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဩဂုတ်လ ၂၂ ရက်နေ့ ထိကျင်းပသွားမည်ဖြစ်ကာ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများမှ ပြိုင်ပွဲဝင် အသင်း စုစုပေါင်း၂၄သင်း ပါဝင်ယှဉ်ပြိုင်လျှက်ရှိကြောင်း မြို့နယ် အားကစားမှူး ဦးအောင်ကိုကိုထံမှ သိရသည်။
သူရအောင်(ပြန်/ဆက်)