ကျောက်ပန်းတောင်း ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကျောင်းအခြေပြု အသိပညာပေး ဟောပြောပွဲကို၊ ယမန်နေ့ နံနက်(၁၀)နာရီက လွတ်လပ်ရေးရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စကားဝါခန်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ကျောက်ပန်းတောင်းမြို့ မြို့မနယ်မြေရဲစခန်း စခန်းမှူး ဒုတိယရဲမှူးကြံအောင်က သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားရသည့်အကြောင်းအရင်းများနှင့် ဖြစ်ပွားနိုင်သည့် အခြေအနေများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ သက်ငယ်မုဒိမ်းမှုမဖြစ်ပွားအောင် ကြိုတင်ရှောင်ကြဉ်ရမည့် နည်းလမ်းများကို ရှင်းလင်းဟောပြောသည်။ ယင်းနောက် ဒုတိယရဲအုပ် မြင့်မြင့်စန်း(အမှုစစ်)က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလည်းစေသော ဆေးဝါးများအန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို လည်းကောင်း၊ ဒုတိယရဲအုပ် ဇာလွန်အောင်(အမှုစစ်)က လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာများကို လည်းကောင်း အသိပညာပေး ဟောပြောကြသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမှတ်(၁) အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းနှင့် ဆရာ/ဆရာမများ၊ Grade-9 ၊ Grade-10 ၊ Grade-11 ၊ Grade-12 တို့မှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၃၅ ဦးတက် ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)